Henoch-Schonlein purpura ( သွေးကြောမျှင်များ ရောင်ရမ်းသွေးယိုခြင်း )
19-Nov-2016
Henoch-Schonlein purpura သည် အရေပြား၊ အဆစ်များ၊ အူနှင့် ကျောက်ကပ်တို့ရှိ သွေးကြောမျှင်လေးများရောင်ရမ်းကာ သွေးယိုသောရောဂါဖြစ်သည်။ အများအားဖြင့် ခြေထောက်အောက်ပိုင်းနှင့် တင်ပါးတို့တွင် အနီကွက်များဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် ဗိုက်နှင့် အဆစ်များတွင် နာကျင်တတ်သည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် (၂)နှစ်မှ အသက် (၆)နှစ်အတွင်း ကလေးငယ်များတွင် အဖြစ်များသည်။ သူ့အလိုအလျောက် ပြန်လည်ကောင်းမွန်သွားတတ်သည်။
လက္ခဏာများ
သွေးကြောမျှင်များ ရောင်ရမ်း သွေးယိုခြင်း၏ အဓိကလက္ခဏာများအနေဖြင့်
• ညိုမဲစွဲခြင်းနှင့်တူသော နီညိုရောင်အကွက်များပေါ်ခြင်း (အများအားဖြင့် တင်ပါး၊ ခြေထောက်နှင့် ခြေဖဝါးတို့တွင် နီညိုရောင်အကွက်များ ပေါ်လေ့ရှိသည်။ မျက်နှာ၊ လက်မောင်းနှင့် ခါးတို့တွင်လည်းပေါ်တတ်သည်။)
• အဆစ်များ ရောင်ရမ်းခြင်း ( အဓိကအားဖြင့် ဒူးနှင့် ခြေချင်းဝတ်အဆစ်များ အဖြစ်များသည်။ )
• ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းတွင် သွေးပါခြင်း ( တခါတရံ ထိုလက္ခဏာများကို အရေပြားတွင် အနီကွက်မပေါ်ခင်ကပင် တွေ့ရတတ်သည်။)
• ကျောက်ကပ်ကို ထိခိုက်ခြင်း ( ဆီးတွင်း အသားဓာတ်ပါခြင်း၊ သွေးပါခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။ Henoch-Schonlein Purpura မှာ ပျောက်ကင်းသွားနိုင်သော်လည်း ကျောက်ကပ်ပျက်စီးမှုမှာ နောက်ဆက်တွဲအဖြစ် ဆက်လက်ကျန်ရှိနေတတ်သည်။ )
ဖြစ်ပွားရသော အကြောင်းရင်း
• သွေးကြောများရောင်ရမ်းပြီး သွေးယိုခြင်းကြောင့် ဖြစ်ပွားရသည်။ သွေးကြောရောင်ရမ်းစေသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။
• အများအားဖြင့် Henoch-Scholein Purpura မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားပြီး နောက်ပိုင်းတွေ့ရတတ်သည်။
• အချို့သောဆေးဝါးများ၊ အစားအစာများ၊ အင်းဆက်ကိုက်ခြင်း၊ အေးသော ရာသီဥတုတို့နှင့် သက်ဆိုင်သည်ဟု ယူဆကြသည်။
အဖြစ်များသူများ
• အသက် (၂)နှစ်မှ (၆)နှစ်အတွင်း ကလေးငယ်များ
• ယောကျ်ားလေးများ
• လူဖြူများနှင့် အာရှတိုက်သားများ
• ဆောင်းဦးနှင့် အေးသော ရာသီဥတုများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
• အများအားဖြင့် တစ်လအတွင်း လက္ခဏာများသက်သာသွားတတ်ပြီး ပြန်ဖြစ်နိုင်ချေလည်းများသည်။
• အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာမှာ ကျောက်ကပ် ပျက်စီးခြင်းဖြစ်သည်။ တခါတရံ ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်အစားထိုးခြင်းတို့ပါ လိုအပ်သည့်အထိ ပျက်စီးတတ်သည်။
• ရှားရှားပါးပါးအနေဖြင့် အူစွပ်ခြင်းကို ဖြစ်ပွားစေပြီး အစာအိမ်နှင့် အူလမ်းကြောင်း ပိတ်ဆို့စေသည်။
စစ်ဆေးမှုများ
• ထင်ရှားသော အနီပြင်များ ၊ အဆစ်ကိုက်ခဲမှုများ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို ကြည့်ကာ ရောဂါအမည် သတ်မှတ်နိုင်သည်။
• သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အသားစယူစစ်ဆေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
• တစ်လအတွင်းတွင် ရောဂါလက္ခဏာများ သူ့အလိုအလျောက် သက်သာသွားတတ်သည်။
• နားနားနေနေ နေခြင်း၊ အရည်များများသောက်ခြင်း၊ အနာသက်သာစေသော ဆေးများ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
• နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်နှင့် ကုသရန် စတီးရွိုက်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ကာ အသုံးပြုနိုင်သည်။
• အူစွပ်ခြင်း၊ အူပိတ်ခြင်းတို့ ဖြစ်ပွားပါက ခွဲစိတ်ကုသရန် လိုအပ်သည်။
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
